•Sunday, February 07, 2010
ကောင်မလေး
ဒီစာကို ကြက်သွန်လှီးရင်း မျက်ရည်စက်လက်နဲ့ ကိုယ်ရေးလိုက်ပါတယ်။ ကိုယ်တော့ လွမ်းတတ်နေပြီ။ ကျောင်းမှာ သင်မပေးပဲ တတ်ခဲ့တဲ့ ပညာဆိုလို့ ဒီတစ်ခုပဲ ရှိတာပါ။ ကိုယ် လည်း ဒီဘာသာမှာ ထူးချွန်လို့ ခုဆို ဘုန်းကြီးပျံရှိတိုင်း ကိုယ့်ကို လာခေါ်ကြတယ် သိလား။ မင်း ကိုယ့်အချစ်ကို လက်ခံလို့ကတော့ဘုန်းကြီးပျံရှိတိုင်း ထမင်းဝစေရမယ်လို့ ကိုယ် ကတိပေးပါတယ်။ မင်းက ကိုယ့်ဘဝမှာ သံယောဇဉ်အရှိဆုံးလူလို့ အခုမှ ပြောနိုင်တာပါ။ ကိုယ့်ဘဝကောင်းစားဖို့အတွက် စကားတစ်ခွန်းလက်ဆောင် ပါးလိုက်ပါရစေ။ အဲဒါကတော့ ကိုယ် မင်းကို ချစ်တယ်ဆိုတာ ယုံကြည်ပေးပါလို့။
အခုဆို ကိုယ် ခံစားတတ်နေပြီ။ ခွက်တစ်လုံးနဲ့...။ အရက်တွေသောက်ပြီးလို့ ပြောတာနော်။ မင်းကို ချစ်လွန်းလို့ လမ်းတွေ့ရင်တောင် မခေါ်ချင်ဘူး။ မမြင်ရလေ ကောင်းလေလို့ တွေးနေမိတဲ့ အထိဆိုပါတော့။ မင်းကို မှတ်ထားမယ်နော်။ နောက်လူများလာရင် မမှတ်မိမှာစိုးလို့ပါ။ ခုတော့ မင်းဖတ်ဖို့ ချစ်သဝဏ်လွှာကို အကြောင်းညီညွတ်လို. ဘောင်းဘီ ချွတ် (ပုဆိုးတော့ဝတ်ထားပါတယ်) ပြီး ရေးလိုက်ပါတယ် .
အချစ်ဆိုတာ တို့သိသလောက် ပြောပြရရင် တို့ကျောင်းရှေ့က အသုတ်စုံဆိုင်ရဲ့ နာမည်ပါ။ ဒါ့ကြောင့် ကိုယ် အချစ်ကို နေ့တိုင်း သတိရနေပါတယ်။ ကိုယ့်အသဲက ပလပ်စတစ်နဲ့ လုပ်ထားတာမဟုတ်လေတော့ တရုတ်ဖြစ်ပစ္စည်းတွေထက်တော့ ပိုခိုင်တယ်လို့ ပြောလိုက်ပါရစေနော်။ မင်းလေးသာ တို့ကို အဖြေပြန်မပေးရင် ကိုယ်တော့ ဒီနှစ် ဆယ်တန်းမှာ ကျဦးမယ် ထင်ပါတယ်ကွယ်။ ဖြေလာခဲ့တာ ဆယ်နှစ်ကျော်ပေမဲ့ ကိုယ်မှတ်မိတာဆိုလို့ မင်းတစ်ယောက်ပဲ ရှိတာပါ။ မှတ်ဥာဏ်မကောင်းတာတော့ မဟုတ်ပါဘူးကွယ်။ ဘာပြောပြော မှတ်မထားတတ်ရုံလေးပါ။ ခုတောင် ဆယ်နှစ်ကျော်မှ မင်းကို ပြန်မှတ်မိတာနဲ့ ဒီစာလေးကို ရေးလိုက်တာပါ။
ပျံလာမဲ့ စာလေးကို စောင့်နေမယ်နော်။
လူပျိုကြီး
ခင်မင်လေးစားစွာဖြင့်
herostar
•Monday, February 01, 2010
Eine schöne Frau ist meistens dumm.Ein schöner Mann ist selten treu.ဂျာမန်သင်တန်းမှာ သင်ရတဲ့ သူတို့ စကားပုံလေး နှစ်ခုပေါ့။ အဓိပ္ပါယ်ကတော့ချောမောလှပတဲ့ အမျိုးသမီးဟာ အများအားဖြင့် စဉ်းစားဥာဏ် နည်းတတ်သတဲ့။ချောမောလှပတဲ့ အမျိုးသားကတော့ သစ္စာ ရှိခဲတယ်တဲ့လေ။ဒီ စကားပုံလေးကို သင်ရတဲ့အခါ သူငယ်ချင်းတွေ ဟုတ်မဟုတ် ငြင်းကြတာပေါ့။ အတန်းထဲမှာ ငြင်းရင်းနဲ့ ဂါနာနိုင်ငံက သူငယ်ချင်းက သူ့ဘဝ အကြောင်းလေးကို အခြေခံပြီး ဒီစကားပုံလေး မှန်ကြောင်း သက်သေပြခဲ့တယ်။ သူ့ငယ်ဘဝကို သိရတော့ စိတ်မကောင်းလည်း ဖြစ်မိသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့အဖေမှာ မိန်းမ သုံး ယောက်ရှိနေလို့ပေါ့။ သူ့အမေက သူ့အဖေရဲ့ ဒုတိယ ဇနီး ဖြစ်တယ်တဲ့။ သူ့အဖေရဲ့ ပထမဇနီးနဲ့ တတိယဇနီးတွေဆီမှာ သားတစ်ယောက် သမီးနှစ်ယောက်စီရှိပြီး သူ့အမေမှာတော့ သူအပါအဝင် သားနှစ်ယောက် သမီးနှစ်ယောက် ထွန်းကားခဲ့တယ်တဲ့လေ။ဇနီး သုံးယောက်လုံးကို တစ်နေရာစီမှာ တရားဝင်လက်ထပ်ခဲ့ပြီး အသက်ကြီးလာမှ အတူတူနေကြတယ်ဆိုပဲ။ ဒါ့ကြောင့် သူတို့အဖေ သူတို့အိမ်ကို လာလေ့ရှိတဲ့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလေးလမှာဆို တအားပျော်ခဲ့ရတယ်တဲ့။ လိုအပ်တာ ပူဆာသမျှဖြည့်ဆည်းပေးနိုင်တဲ့ သူတို့ အဖေကို အကြွင်းမဲ့ ချစ်ကြတယ်လေ။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလေးလမှ သူတို့အဖေက သူတို့အိမ်ကို လာလေ့ရှိတာကြောင့် သူတို့ မောင်နှမလေးယောက်လုံးရဲ့ မွေးနေ့တွေက ဒီဇင်ဘာလထဲမှာချည်းပဲတဲ့လေ။ သူတို့အဖေက လူမည်းတိုင်းပြည်မှာတော့ လူချောကြီးပေါ့ဗျာ။ ကျွန်တော့် သူငယ်ချင်းကလည်း တော်တော်ခန့်တဲ့အထဲမှာ ပါပါတယ်။ ခုတော့ သူတို့ အဖေတူ အမေကွဲ ညီအစ်ကိုတွေက သူတို့ဖခင်ကြီးဆုံးပြီးတဲ့နောက်မှာ အရင်ကထက် တော်တော်ကို ပိုချစ်လာကြတယ်လို့ ပြောပါသေးတယ်။ဂါနာမှာဆိုရင် အမျိုးသမီးတွေက အသက် ၁၈ နှစ်ကနေ ၂၈ နှစ်ကြားမှာ အိမ်ထောင်ရေးကို စဉ်းစားရတယ်ဆိုပဲ။ အသက် ၂၈ နှစ်ကျော်သွားပြီးဆိုလို့ကတော့ ယောက်ျားရနိုင်ဖို့ အခွင့်အလမ်းက တော်တော်နည်းသွားတယ်တဲ့ လေ။ အသက် ၃၀ ကျော်အမျိုးသားတွေကလည်း သူတို့လို ၃၀ ကျော်ချင်းတော့ စိတ်မဝင်စားကြတာများတော့ သူတို့ခမျာ ရှိစုမဲ့စု ဆံပင်လေးတွေကို တတ်နိုင်သမျှ ဖီးလိမ်းပြင်ဆင်ပြီး အစွံထုတ်ကြတယ်ဆိုပဲ။ သူတို့ရိုးရာအရ ဘုရားကျောင်းမှာ သစ္စာဆိုပြီး လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်မယ်ဆိုရင်တော့ အဲဒီအမျိုးသားဟာ မိန်းမတစ်ယောက်ပဲ တရားဝင် ယူခွင့်ရှိတယ်တဲ့လေ။ ဆွေးမျိုးသားချင်း အချင်းချင်း တောင်းရမ်းယူတာမျိုးဆိုရင်တော့ နောက်တစ်ယောက် ထပ်ယူမယ်ဆိုရင် ယူလို့ ရနိုင်သေးတယ်တဲ့။ဒီနေ့ခေတ်မှာတော့ ပညာတတ် အမျိုးသမီးတွေ ပေါများလာတာရော၊ စီးပွားရေးရှာဖွေရတာရောကြောင့် တရားဝင်တစ်ယောက်ပဲ ယူကြတော့တယ်တဲ့။ သူတို့နိုင်ငံကလည်း ကမ္ဘာပေါ်မှာ ရွှေအများဆုံးထွက်တဲ့ နိုင်ငံတွေထဲမှာ ပါလေတော့ သူတို့ရွှေငွေ ဝတ်စားတာတွေက မြန်မာအမျိုးသမီးတွေနဲ့ သိပ်မကွာလှပါဘူး။ နောက်ပြီး မင်္ဂလာစရိတ်ကို အမျိုးသားက အကုန်ခံရတာရော အကုန်တူနေတယ်ဗျ။ ခုနောက်ပိုင်းမှာတော့ သမီးရည်းစားတွေ Living together တွေများလာတဲ့အတွက် သူတို့ အစိုးရက စစ်တမ်းတွေ တိတိကျကျ ကောက်ယူပြီး မလိုလားအပ်တဲ့ လူမှုရေးပြဿနာတွေ ဖြစ်ပွားမှုကနေ ကာကွယ်နေတယ်လို့လည်း ဆိုပါသေးတယ်။ ဒါနဲ့ ဒီစကားပုံလေးနှစ်ခုနဲ့က ဘာဆိုင်လဲဆိုရင် သူ့အဖေ ကိုယ်လူချောက တစ်ယောက်တည်းအပေါ်မှာ သစ္စာမရှိသလောက် စဉ်းစားဥာဏ်နည်းတဲ့ သူ့အမေက တော်တော်ချောတယ်ဆိုပဲ။ ဒါ့ကြောင့် ဒီစကားပုံလေးက တော်တော်မှန်တယ်တဲ့လေ။ ဒီစကားဝိုင်းမှာ ဂျာမန်သူငယ်ချင်းကလည်း အလည်လာရင်းနားထောင်နေတာဆို တော့ သူတို့ဆီမှာ တစ်ယောက်နဲ့ တစ်ယောက်လက်ထပ်တဲ့အခါ မြန်ဆန်လွယ်ကူတာမျိုးမဟုတ်တဲ့အကြောင်း ပြောပြပါသေးတယ်။ အမျိုးသမီးနဲ့ အမျိုးသားလက်ထပ်လိုက်ပြီဆိုတာနဲ့ ပိုင်ဆိုင်မှုတွေ လုပ်ငန်းတွေ၊ နေရာထိုင်ခင်းတွေက အစ အစစအရာရာ ပြင်ဆင်ထားဖို့ လိုတာကြောင့် မြန်မြန်ဆန်ဆန် လက်ထပ်ချင်တဲ့ စုံတွဲတွေဆိုရင် ဒိန်းမတ်ကို သွားကြပါတော့တယ်။ဒိန်းမတ်ကိုတော့ ချစ်သူ့နယ်မြေလို့ ပြောရမယ် ထင်တယ်ဗျ။ ဒိန်မတ်မကို သွားပြီး လက်ထပ်ရတာကို ဂုဏ်ယူတဲ့ စုံတွဲတွေလည်း ရှိတယ်တဲ့။ နောက်တစ်ခုက သူတို့ဆီမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်လိုက်ပြီဆိုရင် အမျိုးသမီးက သူရဲ့ ကိုယ်ပိုင်နာမည် ပျောက်ဆုံးသွားပါတော့တယ်။ သူ့အမျိုးသားရဲ့ နာမည်ကို ဆက်ခံရပါတော့တယ်။ ပြီးတော့ မိသားစုနာမည်ဆိုတာရှိတယ်။ သူတို့နာမည်ကြီးတွေက ရှည်လျားလှပေမဲ့ သူတို့ဟာ ဘယ်မိသားစု မျိုးနွယ်ကနေ ဆင်းသက်လာတယ်ဆိုတာကို သိသာစေတယ်လေ။
ဂျာမန်တွေ လက်ထပ်တဲ့နေ့ဆို တော်တော်သိသာပါတယ်။ ကားလမ်းမပေါ်မှာ ဟွန်းတွေ အဆက်မပြတ် တတီတီနဲ့ တီးနေပြီဆိုရင်တော့ အဲဒါဟာ သူတို့ လက်ထပ်လို့ပါပဲ။ မင်္ဂလာမောင်နှံရဲ့ ကားက စတီးလိုက်တာနဲ့ ကျန်တဲ့ကားတွေကလည်း လိုက်တီးပါတော့တယ်။ ဆိုလိုတာက ဟွန်းတီးပြီး ကောင်းချီးပေးတယ်ဆိုတဲ့ သဘောပေါ့လေ။နောက်တစ်ခုက ဘယ်လောက်ကောင်းထားလဲဗျာ။ သတို့သမီးရဲ့ အဖေက မင်္ဂလာကုန်ကျစရိတ်အားလုံးကို တာဝန်ယူရတယ်တဲ့လေ။ ဒီနေ့ခေတ်မှာတော့ မိသားစုနှစ်ခုလုံး မျှဝေပြီး တာဝန်ယူလာကြတယ်လို့ ပြောပါသေးတယ်။ ပြီးရင် မင်္ဂလာဆောင်မှာ သူတို့ကတဲ့အခါ ရယ်ရတယ်ဗျ။ ဖြစ်ပုံက ဒီလိုပါ။သတို့သမီးလုပ်တဲ့ သူက သူ့ဖခင်နဲ့ တွဲပြီး ကရပါတယ်။ သတို့သားလုပ်တဲ့သူကတော့ သူ့မိခင်နဲ့ တွဲပြီး ကပါတယ်။ သူတို့ အဲလို ကနေချိန်မှာ သတို့သမီးရဲ့ မိခင်က သတို့သားရဲ့ ဖခင်နဲ့ တွဲကကြပါတယ်။ မြန်မာတွေးတွေးရရင်တော့ သတို့သမီး အဖေ တော်တော်နာမှာပဲနော်။ သမီးလည်း ပေးရ။ ဇနီးကိုလည်း သတို့သားအဖေနဲ့ တွဲကခွင့် ပေးရနဲ့ဆိုတော့လေ။သူတို့ရဲ့ မင်္ဂလာဦးညက ရင်ခုန်စရာတော့ အကောင်းသား။ သူတို့သူငယ်ချင်းတွေက မြန်မာတွေလို ခဲကြေးတောင်းတာမျိုးတော့ မဟုတ်ဘူးဗျ။ သူတို့ရဲ့ မင်္ဂလာကုတင်ရှိတဲ့ အခန်းထဲမှာ ပူဖောင်းတွေကို အပြည့်ထည့်ထားပြီး ရယ်စရာတွေကို အမျိုးမျိုးဖန်တီးကြတယ်ဆိုပဲ။ နောက်ပြီး နှိုးစက်နာရီမျိုးစုံကို အိပ်ခန်းရဲ့နေရာတိုင်းမှာ ဖွက်ထားပြီး ကျီစယ်ကြတယ်တဲ့လေ။မင်္ဂလာမောင်နှံသွားရာ လမ်းတစ်လျှောက်မှာ ပန်းတွေကြဲတာတို့ မင်္ဂလာကားမှာ ပန်းမျိုးစုံအလှဆင်တာတွေက ဒီအနောက်တိုင်းက ယဉ်ကျေးမှုတွေ ကူးစက်လာတယ် ထင်မိပါတယ်ဗျာ။ သူတို့က အဲလိုလုပ်တာကို တို့မြန်မာကိုများအတုခိုးသလား အောင်းမေ့နေမိလို့ပါ။ တကယ်တော့ ကားဆိုတာ သူတို့ဆီက ပေါ်လာကို အမှတ်ရတော့မှ အင်း..ဒါဆို တို့ပဲ ဖြစ်မှာပါလေလို့ သက်ပြင်းချမိပါရဲ့။မင်္ဂလာရက်မရောက်ခင် လူပျိုညတွေမှာဆို သတို့သားက အရက်ဆိုင်တကာကို သူငယ်ချင်းတွေနဲ့ အမူးအမှောက်လျှောက်သောက်တယ်ဆိုပဲ။ သူငယ်ချင်းတွေနဲ့ လူပျိုဘဝကို အပျော်ကြီး ပျော်ပစ်လိုက်တဲ့သ ဘောပေါ့လေ။ အရင်တုန်းကဆိုရင် သတို့သမီးကို သူ့သူငယ်ချင်းတွေက ဖွက်ထားပြီး သတို့သားက အရက်ဆိုင်တကာမှာ လိုက်ရှာရတယ်ဆိုပဲ။ ရှာတွေ့ပြီဆိုတာနဲ့ သောက်ထားတဲ့ ဝိုင်နဲ့ ဘီယာဖိုးမှန် သမျှ သတို့သားက ရှင်းရတယ်တဲ့လေ။
အရင်တုန်းကဆို မင်္ဂလာမဆောင်ခင် တစ်ရက် ညစာစားပွဲမှာ စားသောက်ပြီးတာနဲ့ ပန်းကန်တွေ ခွက်တွေကို အားပါးတရ ခွဲကြတယ်ဆိုပဲ။ ဒီအိုးကွဲ ခွက်ကွဲလေးတွေက သတို့သမီးကို ကံကောင်းစေအောင်လို့တဲ့လေ။ ဒီအိုးခွက် ကွဲတွေကိုတော့ သတို့သမီးနဲ့ သတို့သားတို့က သန့်ရှင်းရတယ်တဲ့လေ။ မင်္ဂလာဆောင်ပြီးသွားလို့ သတို့သမီး ဘုရားကျောင်းကနေ ထွက်ခွာသွားပြီဆိုရင်တော့ သူငယ်ချင်းတွေက ဆန်တွေနဲ့ သတို့သမီးကို ပက်ကြဲပါတော့တယ်။ အဓိပ္ပါယ်က ဒီဆန်စပါးစေ့တွေနဲ့အမျှ သတို့သမီးမှာ သားသမီးရတနာတွေ ထွန်းကားပါစေပေါ့။မင်္ဂလာဆောင် ကိတ်ကြီးကို တန်ဆာပလာတွေနဲ့ လှသည်ထက် လှအောင် စီမံကြပြီး သတို့သားနဲ့ သတို့သမီးတို့က အတူတူလှီးပြီး တစ်ဦးကို တစ်ဦးက ခွံကျွေးရတယ်တဲ့လေ။ ပြီးတဲ့နောက် နှုတ်ခမ်းချင်းနမ်းကြတဲ့အခါ အားလုံးက လက်ခုပ်လက်ဝါးတီးပြီး အသိအမှတ်ပြုကြတော့တယ်တဲ့။ မင်္ဂလာညနေခင်းမှာတော့ သတို့သမီးရဲ့ ဖခင်ကနေစပြီး မှာတမ်းတွေ စခြွေကြတယ်တဲ့။ ပြီးတဲ့အခါ ကစားနည်းမျိုးစုံနဲ့ နှစ်အိမ့် တစ်အိမ် ချစ်ခင်မှုချင်း ဖလှယ်ကြတော့တာပေါ့လေ။
မင်္ဂလာပွဲကိုလာရောက်အားပေးကြတဲ့ ဧည့်သည်တော်တွေ ပြန်သွားချိန်မှာတော့ သတို့သမီးက ဖဲပြားအဖြူလေးပတ်ထားတဲ့ ပန်းစီးလေးကို ကိုင်ဆောင်လာပြီး သူ့ခင်ပွန်းလောင်းမောင်းမဲ့ကားရဲ့ ရေဒီယို အင်တာနာတိုင်မှာ ချည်ပြီး အတူတူကားမောင်းပြီး မင်္ဂလာအိမ်တော်ကို ပြန်ကြတော့တယ်တဲ့လေ။ လက်ထပ်လက်စွပ်လေးကိုတော့ လက်ယာဘက် လက်သန်းကြွယ်လေးမှာ ဆင်တူဝတ်ဆင်ကြတော့တယ်။ စိန်တွေပါစရာမလိုတဲ့ ရိုးရိုးရှင်းရှင်း မောင်းကွင်းလေးတွေကို ဝတ်ထားတဲ့ မင်္ဂလာမောင်နှံ နေရာလေးမှာ တစ်ယောက်က သင်သာဖြစ်နေခဲ့ရင် ကိုယ့်ချစ်သူနဲ့ဆိုတော့ သင်လည်း တော်တော်ကြည်နူး နေမှာပေါ့နော်။တချို့ကျတော့ ငါးပြားစေ့ဆယ်ပြားစေ့လေးတွေကို အနှစ်နှစ်အလလ စုထားပြီး မင်္ဂလာဖိနပ်လေးကို အဲဒီနေ့မှ အဲဒီငွေနဲ့ ဝယ်တာလည်း ရှိတယ်တဲ့လေ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော့်သူငယ်ချင်း လူပျိုကြီး၊ အပျိုကြီးများအတွက်ရည်ရွယ်ပြီး ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။ပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျာခင်မင်လေးစားလျှက်herostar
•Wednesday, January 27, 2010
နာမည်ကတော့ Hero
အချစ်ကတော့ Zero
ကောင်မလေးကို ကြိတ်ပြီးပိုး
လက်ထပ်ရအောင် သိန်းထီထိုး
အဖြေရအောင် Net ကိုကိုး
ပြန်ရခဲ့တော့ မျက်ရည်မိုး
အချိန်တွေကုန်မှ တရေးနိုး
လက်တွေ့ဘဝက လူပျိုသိုး
ပညာရေးမှာ ခြေစုံတိုး
........မရမှာ သိပ်ကိုစိုး။
herostar
:P :P
•Tuesday, January 19, 2010
ဒါနဲ့ စကားမစပ်...စာသင်ခန်းထဲမှာ ဆရာပြောပြတဲ့ ဂျာမနီအကြောင်း တစေ့တစောင်းလေးတွေ ဖောက်သည် ချချင်လို့ပါ။ ထွေရာလေးပါး ပြောဖြစ်မှာဆိုတော့ ဟိုရောက်ဒီရောက်ပေါ့။ ပထမဆုံးအနေနဲ့ ပြောပြချင်တာက လူဦးရေ 82 သန်းကျော် ရှိတဲ့ ဂျာမနီမှာ အလုပ်လက်မဲ့ ဦးရေက ၈ သန်းကျော် ရှိနေတယ်တဲ့လေ။ လူတို့နိုင်ငံသားတွေရဲ့ ဆယ်ပုံတစ်ပုံလောက်က အလုပ်လက်မဲ့ ပြဿနာရှိနေတာပေါ့။စက်ရုံ အလုပ်ရုံတွေ ပေါများလာခြင်းနဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် လုပ်သားဦးရေ လိုအပ်မှုက နည်းသထက် နည်းလာတဲ့ အတွက် အလုပ်လက်မဲ့တွေ များလာတယ်ဆိုပဲ။ သူတို့ဆီမှာ အစိုးရက ချမ်းသာလို့ တော်သေးတယ်လို့ ပြောရမယ်ထင်တယ်။ အလုပ်မရှိတဲ့ လူတွေက အစိုးရရုံးတွေမှာ သွားပြောပြီး Arbeitlos ဆိုတာ လျှောက်ထားခွင့်ရှိတယ်။ ဆိုလိုတာက အလုပ်ရှိခဲ့စဉ်က သွင်းထားခဲ့တဲ့ အတိုးငွေတွေကို ပြန်လည် ထုတ်ယူတဲ့ သဘောပေါ့။ ကျန်းမာရေး ကောင်းစဉ်က လခ တစ်လကို ၂၀၀၀ ယူရို ရခဲ့သူက အလုပ်မလုပ်နိုင်တော့တဲ့အခါ သို့မဟုတ် အလုပ်မရှိတော့တဲ့အခါ ဆိုရင် ရခဲ့ဖူးတဲ့ လစာရဲ့ တစ်ဝက်ကို အစိုးက တစ်နှစ်ခွဲနီးပါး ပေးထားသေးတယ်။ အဲဒီ တစ်နှစ်ခွဲအတွင်းမှ အလုပ်နောက်တစ်ခု ရအောင် မရှာနိုင်တော့ဘူးဆိုရင် One Euro Job ဆိုတဲ့ အလုပ်ကို လုပ်ရတော့တာပါပဲ။ အစိုးရက အလုပ်ပေးထားပြီး တစ်နာရီလုပ်မှ တစ်ယူရိုပဲ ရတဲ့ အလုပ်ပေါ့။ တစ်ပတ်ကို နာရီ ၃၀ လုပ်ရပြီး တစ်လကို ယူရို ၁၅၀ လောက်ပဲ ပေးတော့တယ်။ ဒါပေမဲ့ အဲဒီလူက သာမန်အလုပ်သမားတွေလို ကျန်းမာရေး စရိတ် (Health Insurance)၊ အမြတ်ခွန်၊ လောင်စာဆီဖိုး၊ ရေဖိုး မီးဖိုး၊ စတာတွေ ပေးဆောင်ဖို့တော့ မလိုဘူးပေါ့။ ဒါပေမဲ့ ဂုဏ်သိက္ခာ အားဖြင့်တော့ ကျဆင်းသွားတာပေါ့။ မိဘက Arbeitslos ယူထားတယ်ဆိုရင် သားသမီးတွေပါ မျက်နှာငယ်ရ၊ အပေါင်းအသင်းတွေက လှောက်ပြောင်ကြနဲ့ဆိုတော့ သူတို့တွေ အလုပ်တစ်ခု ပြုတ်သွားမှာကို တအားကြောက်ကြတယ်။
သူ့တို့ ဘယ်အလုပ်ပဲ လုပ်လုပ် အဲဒီအလုပ်က ဘဝတစ်သက်တာလုံးကို ပြဌာန်းပေးနိုင်တယ်။ ဆိုလိုတာက အသက် ၂၅ နှစ်လောက်ကနေ ကုမ္ပဏီ တစ်ခုတည်းမှာ နှစ် ၃၀ လောက်လုပ်ခဲ့ပြီးပြီဆိုရင် ပင်စင်ယူတဲ့အခါ ဘာမှ မလုပ်တော့ပေမဲ့ ကုမ္ပဏီရဲ့ အမြတ်ငွေတွေထဲကနေ သူတို့တစ်သက်တာ အတွက် ဗောက်ဆူးတွေ ပေးသလို အစိုးရဆီမှာ သွင်းထားရတဲ့ အခွန်တွေကိုလည်း အသက်အရွယ်ကြီးတဲ့အချိန်မှာ ပြန်လည် ထုတ်ယူခံစားခွင့် ရှိကြတော့ အိုဇာတာကောင်းဖို့ ပူစရာမလိုတော့ဘူးပေါ့။နောက်တစ်ခုက နိုင်ငံအသီးသီးကနေ အကြောင်းအမျိုးအမျိုးကြောင့် ခေတ္တခိုလှုံခွင့် ယူးထားကြတဲ့ လူပေါင်း များစွာကိုလည်း ဂျာမန်အစိုးရက လစာပေးထားတယ်တဲ့လေ။ ဆိုလိုတဲ့ သဘောက ဘာမှ လုပ်စရာမလိုဘဲ ကျွေးထားတဲ့ သဘောပေါ့လေ။ ဒါပေမဲ့ သူတို့ ထောက်ပံ့တဲ့ငွေက ဆင်းရဲတဲ့ နိုင်ငံတွေကနေလာတဲ့လူတွေ အတွက် ဘာမှ မလုပ်ရဘဲ လစာကောင်းကောင်း ရသလို ဖြစ်နေတတ်တယ်ဆိုပဲ။ အလုပ်လက်မဲ့တွေနဲ့ သူတောင်းစားတွေ ကိုလည်း လစာအသီးသီး ပေးထားသေးတယ်လေ။ နောက်ပြီး ဘီယာ၊ အရက်တွေ အသောက်လွန်တဲ့ အရက်ဂျိုးတွေကို ကျန်းမာရေး စောင့်ရှောက်ဖို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေလည်း လုပ်ထားသေးတယ်။
အရင်တစ်ပတ်က Mannheim က ပြန်အလာ ဘူတာမှာ ရထားမလာသေးလို့ စောင့်နေခိုက် အရက်သမားတစ်ယောက် ဘူတာထဲ မူးမှောက်နေတာကို ရဲက ချော့ပြီး လူနာတွန်းလှဲပေါ် တက်ဖို့ ပြောနေတာကိုကြည့်ပြီး ရယ်ချင်မိသေးတယ်။ အင်း.......ကွာပါ့၊ လို့သာ သက်ပြင်းတစ်ချက်ချမိတယ်။ မြန်မာအမျိုးသားတွေကို ကံကောင်းတဲ့ ယောက်ျားတွေလို့ ပြောလို့ ရမယ်ထင်တယ်ဗျ။ ဒီနိုင်ငံမှာက အမျိုးသားတွေရဲ့ ၃၀ % ရာနှုန်းဟာ ထမင်းဟင်းချက်ရတယ်။ ကလေးထိန်းရတယ်။ ဝင်ငွေလည်း ရှာရတယ်။ သူတို့အိမ်တွေကို ဧည့်သည်တွေ လာပြီဆိုရင် အမျိုးသားက ဂုဏ်ယူဝင့်ကြွားစွာ ချက်ကျွေးတတ်တာကို တွေ့ရပါတယ်။ ဆိုလိုတာက သူ့အမျိုးသမီးကို ဘယ်လောက်ထိ ချစ်ကြောင်း သက်သေပြချင်တဲ့ သဘောလည်း ပါတယ်တဲ့လေ။ု
အချက်အပြုတ် ၊အလျှော်အဖွတ် ၊မီးပူတိုက်၊ ကလေးထိန်းဆိုတာ အိမ်ရှင်မပဲ လုပ်ရမဲ့ အလုပ်လို့ ခွဲခြားမထားဘူးတဲ့လေ။ တစ်ယောက်တလှည့် လုပ်ကြရတယ်ဆိုပဲ။ အမျိုးသားက စီးပွားရေး လုပ်ရတာ၊ သို့မဟုတ် အလုပ်လုပ်ရတာ ပျင်းရိလာရင် အမျိုးသမီးက ငွေရှာပေးတယ်။ အမျိုးသားကို အိမ်ရှင်မ ပြန်လုပ်ခိုင်းတယ်။ ကိုယ့်ဆီမှာတော့ အဲလို ဘယ်ရမလဲလေ။ ဒါတွေက မိန်းမ အလုပ်တွေပါ။ မိန်းမယူထားတာ ဒါတွေ လုပ်ရမှာ ပျင်းလို့ ဆိုပြီး ဆင်ခြေပေးလို့ ဘယ်ရပါ့မလဲ။ မျှတတဲ့ အချက်လို့ ပြောလို့ရပေမဲ့ အာရှသားပီပီ ယောက်ျားတန်မဲ့ အိမ်အလုပ်လုပ်ရမှာတော့ ပျင်းမိသား။ကျွန်တော့်ဆရာဆို တစ်လကို နှစ်ပတ် ထမင်းချက်တာဝန်ယူရတယ်ဆိုပဲ။ သူချက်တဲ့ဟင်းက သူ့အမျိုးသမီးချက်တဲ့ ဟင်းထက် စားကောင်းကြောင်း အမြဲပြောလေ့ရှိတယ်။ ဆရာ့မှာ ကလေး ၂ ယောက်၊ အိမ်မွေးခွေးကြီးက ၃ ကောင်၊ ဆိတ် ၂ ကောင်၊ မြင်း တစ်ကောင်၊ ဝက် ၁၅ ကောင် ကားနှစ်စီး နဲ့ ကြောင် ၈ ကောင်တောင် ရှိတယ်ဆိုပဲ။ ကျောင်းကိုလာပြီး စာလည်းသင်ရ၊ ဟင်းလည်းချက်ရ တိရိစ္ဆာန်တွေကိုလည်း ကျွေးမွေးရနဲ့ သူခမျာ တော်တော်အလုပ်များမှာပဲလို့ တွေးနေမိသေးတယ်။အတွေးမဆုံးခင်မှာပဲ ခုံခေါက်သံကြားလိုက်ရတော့ အတန်းဆင်းပြီဆိုတာ သိလိုက်ရတယ်။ ကိုယ့်ဆီမှာ ဆိုရင်တော့ မင်္ဂလာပါ ဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာလို့ ပြောပြီး ပြန်ရမှာပေါ့လေ။ ဒီမှာကတော့ အတန်းပြီးတဲ့ အထိန်းအမှတ်ကတော့ စာသင်စားပွဲတွေကို ''တဒေါက် ဒေါက်" မြည်အောင် ခေါက်ရပါတယ်။ ဒါဟာ သင်ခန်းစာပြီးဆုံးသွားလို့ အတန်းဆင်းတော့မယ်ဆိုတဲ့ သဘောပေါ့လေ။အင်း ... ခုလောက်ဆို ပေါက်ကရ ပြောရတာ အားရသွားပြီ ဖြစ်လို့ နားလိုက်ဦးမယ်နော်။herostar
•Monday, January 18, 2010
အလွမ်းကို စိတ်ထဲမှာ... မှတ်
လက်ဆယ်ချောင်းထောင်
အလွမ်းပြီးတော့ အလွမ်း
အကုန်ပေါင်းလိုက်တော့
ရလဒ်ကလည်း အလွမ်းပါပဲ။
တခုတ်တရ နေ့ရက်တွေကို
တစိမ့်စိမ့် လွမ်းနေပါတယ်
မိမြန်မာရယ်။
ခုတော့ နင်နဲ့ငါ
ရွာရိုးကိုးပေါက် ဝေးနေရတယ်နော်။
ဖြစ်နိုင်ရင်
ဒီ အလွမ်းကောင်းကင်ကို
ဒူးနဲ့ တိုက်လိုက်ချင်တယ်။
ဝရုန်းသုန်းကားလွမ်းတတ်တဲ့ကောင်
မဟုတ်လေတော့ ဖွဲမီးလို
တငွေ့ငွေ့လောင်နေပါရစေနော်။
herostar